Tuesday, August 26, 2008

အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်

ပစ္စုပ္ပန်နဲ့လည်းဝေးတယ်
အနာဂတ်နဲ့လည်းဝေးတယ်
ကြယ်စင်တွေနဲ့ပါဝေးရတဲ့အထဲ
လူ့ဂုဏ်သိက္ခာနဲ့ပါထပ်ဝေးအောင်
အုတ်ကိုအုတ်နဲ့ကာ
သစ်ဘောင်သံဘောင်ပါ ထပ်ကွပ်ထားတဲ့
ထောင်ဆိုတဲ့အထဲ
အမှန်တရားကို မြိုလို့ဆိုပြီး ပိတ်လှောင်ခံထားရတဲ့
ငါတို့ညီအစ်ကိုမောင်နှမတွေရှိတယ်....

အမှန်တရားဆိုတဲ့ လင်းလက်တောက်ပအနာဂတ်အတွက်
သေမင်းတမန်ငှက်ဖျားပေါတဲ့ အမိမြေအစပ်
စီးပွားရေးကောင်းတဲ့ ခြင်္သေ့ကျွန်း
အယုဒ္ဓယလို့ခေါ်တဲ့ထိုင်း
ဘိလပ်တကြော အို.. ကမ္ဘာအနှံ့
ချေးအထပ်ထပ် အမိမြေအတွက်
မုဒိမ်းသမားလက်က အမိမြေအတွက်
မတရားမှုတွေနဲ့ နံစော်ပုတ်ဟောင်နေတဲ့အမိမြေအတွက်
လွတ်မြောက်ရေးဆိုပြီး ငါတို့ညီအစ်ကိုမောင်နှမတွေ
အသံကုန်ခြစ်အော်ကာ တောင်းဆိုနေကြတယ်....

အမှန်တရားဆိုတဲ့ လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
တန်းတူရေး လူ့အခွင့်အရေးအတွက်
ဒုက္ခဆိုတဲ့ အန်ချင်စရာကောင်း
အော်ဂလီဆန်စရာကောင်းတဲ့
ချဉ်စုတ်စုတ်အရေသောက်ပြီး
နေထိုင်လာတာ ၄၆ နှစ်ရှိပြီလေ….

အမှန်တရားဆိုတဲ့ လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
သေနက်သံတွေကြား ဗုံးသံတွေကြား
ဂါထာရွတ်လမ်းလျှောက်နေတဲ့ ဦးဇင်းတွေဟာ
မိုက်ရူးရဲလို့မဟုတ်ဘူး
(ငါတို့ကျောင်းသားပေါင်းစည်းလို့ ညီရမည်) ဆိုတဲ့
ရဲရဲတောက်သီချင်းဆိုပြီး သေနက်အပစ်ခံနေတဲ့
ကျောင်းသားတွေဟာ မိုက်မဲနေလို့မဟုတ်ဘူး
အမှန်တရားဆိုတဲ့ ချိုအီမွေးပျံ့လှတဲ့
မေတ္တာရည်တစ်ခွက်ကို ငါတို့ပြည်သူတွေသောက်ရဘို့
ချစတေးပေးလိုက်တာထက်ပိုပြီး ကြီးကျယ်ခမ်းနားမှုမရှိပါဘူး…

အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
သူတို့စတေးခံနေတာ
သူတို့နားထဲကြားနေတာတော့ ကျွန်တော်ထင်တယ်လေ
အမေစုပြောတဲ့
တိုက်ပွဲဝင်နေမှသာ မျော်လင့်ချက်ရှိတယ် ဆိုတဲ့စကားလေးဘဲဆိုတာ
…..
……
အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်

3 comments:

Anonymous said...

ကဗျာ ကောင်းပါတယ်။ ခံစားသွားပါတယ်။ စကားမစပ် ဒီနေ့ ကျွန်နော် ဘလောဂ်ပြင်လို့ ခင်ဗျားရဲ့ ပို့စ်အသစ်မှာ လာပေါ်သွားတယ်၊ ဟာသပဲ ခွင့်လွှတ်ပါ ဟားဟား
ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

ပြင်းရှရှအမှန်တရားတွေကိုခံစားသွားပါတယ်.. ကဗျာဆရာပျော်ရွှင်ပါစေ

Moe Cho Thinn said...

မနှစ်က ဒီအချိန်တွေကို အသစ်ပြန်ခံစားလိုက်ရသလိုပဲ။ ကဗျာလေး တကယ်ကောင်းတယ်။